Saturday, October 27, 2012

အကောင်းဆုံးခရီးဖော်



လူ့ဘ၀ဆိုတာ ရေပွက်ပမာ ခဏတာဆိုပေမယ့် ကြုံတွေ့ရတဲ့ ဒုက္ခတွေ သောကတွေများလွန်းပါတယ်။ “ဖျပ်ဖျပ်လူး ဆတ်ဆတ်ခါ လွန်ကဲစွာဝမ်းနည်း ခံစားနေမည်” ဆိုသလို ကြီးမားတဲ့ သောကတွေလဲ ကြုံတွေ့လာနိုင်တယ်။ "တကယ်တမ်းလောကဓံကို ရင်ဆိုင်ကြုံတွေ့လာရသောအခါ တရားကို နှလုံးသွင်းနေနိုင်ဖို့မှာ ခဲယဉ်းလှသည်” ဟု ဆရာတော်ကြီးတစ်ပါးဟောကြားခဲ့သည်။
ဆရာလေး မလေးငြိမ် ၏ “လွန်မြောက်ခြင်းမှ လွတ်မြောက်ခြင်းသို့” စာအုပ်ကို ဖတ်ပြီးချိန်မှာ ကျွန်တော့ဘ၀မှာ သောကတွေ လျော့ပါးလာခဲ့ပြီ။ ဆရာလေး မလေးငြိမ်အား ဂါရ၀ပြုလျက်…………………
          ဘ၀ခရီးကို လျှောက်လှမ်းရာတွင် သင့်အတွက် အဖော်ကောင်းတစ်ယောက် မရှိမဖြစ် အစစ်အမှန် လိုအပ်နေသည်ဟု

ဆိုပါလျှင် သင် ၀န်ခံရပေလိမ့်မည်။ ဤအချက်ကို သင် ငြင်းပယ်၍ မဖြစ်ပေ။ အဖော်ကောင်းကို ရအောင်ရှာလျက် သင်နှင့်အတူ လက်တွဲခေါ်ဆောင်သွားရလိမ့်မည်။ သူသည်…..
-       သင့်စိတ်ကို အင်အားဖြည့်တင်းပေးလိမ့်မည်။
-       သင့်နှလုံးသားကို အေးငြိမ်းချမ်းသာစေလိမ့်မည်။
-       သင့်မျက်နှာတွင် ကြည်လင်သောအပြုံးကို ဖြစ်ထွန်းစေလိမ့်မည်။
-       သင့်ဣနြေ္ဒကို တည်ငြိမ်ရင့်ကျက်စေလိမ့်မည်။
-       သင့်မျက်လုံးများမှာ ကရုဏာပြည့်လွှမ်းစေလိမ့်မည်။
-       သင့်နှုတ်ခမ်းကို ယဉ်ကျေးချိုသာစေလိမ့်မည်။
-       သင့်နားထဲမှာ ဥပေက္ခာတရား ဖြန့်ကြက်ပေးထားမည်။
-       သင့်လက်များကို မေတ္တာတရား ပြည့်ဝသွားစေမည်။
-       သင့်အပြုအမူများကို သိမ်မွေ့နူးညံ့စေလိမ့်မည်။
-       သင်လျှောက်လှမ်းနေသော ခရီးလမ်းတွင် ကြုံတွေ့ရသည့် အခက်အခဲဟူသမျှ သတိသမ္ပဇဉ်     အသိဉာဏ်ယှဉ်ကာ ကူညီဖြေရှင်းပေးလိမ့်မည်။
-       ခရီးဆုံးပန်းတိုင်သို့ လျင်မြန်စွာ ရောက်ရှိအောင်လည်း သင့်အားဆောင်ကြဉ်းသွားလိမ့်မည်။
ဘယ်လောက်များ ကောင်းလိုက်ပါသနည်း။
ဤအတိုင်းသာ ဖြစ်လျှင် သင်သည် သူ့ကို အလိုရှိအပ်၏။ သင်သူ့ကို အလိုရှိမည်ဆိုပါက သင်နှင့်အတူ
သူ အမြဲနေပေလိမ့်မည်။ ဘ၀လွတ်မြောက်ရေးကို အမှန်တကယ် ရလိုပါလျှင် သူသာပင် သင့်အတွက် အကောင်းဆုံးခရီးဖော် ဖြစ်၏။
            သူ့ကို အားလုံးက “သည်းခံခြင်း” ဟု ခေါ်ကြသည်။

No comments:

Post a Comment