လူတွေဟာ
အချို့ကလှပြီး အချို့က အရုပ်ဆိုးတယ်။ အချို့က ချမ်းသာပြီး အချို့မှာ ဆင်းရဲတယ်။ ဣဋ္ဌာရုံ
အနိဋ္ဌာရုံ ရှုပ်ထွေးစုံတဲ့ လောကဇာတ်ခုံ လူတို့ဘုံဟာ တစ်ပြေးညီတည်း ရှိမနေတာတော့
အမှန်ပဲ။ ဘာကြောင့်များ လှလှပပတွေချည်း ဖြစ်မနေရတာလဲ။ ဘာကြောင့်များ
ချမ်းချမ်းသာသာတွေချည်း ရှိမနေရတာတဲ့လဲ။
ကိုယ်ပြုသည့်ကံ
ပဲ့တင်သံ ကိုယ့်ထံပြန်လာသည်။ ကံ၊ ကံ၏အကျိုးတွေပါပဲ။
သူဌေးအိမ်က
အထိန်းတော်၏ သမီး…သူမကိုယ်တိုင်လည်း ကျွန်စာရင်းဝင် အထိန်းတော်….။ ဆင်းရဲရုံသာမက
ရုပ်မလှ ခါးကလည်း ကုန်းလိုက်ရသေး။ တစ်နေ့လုံးထိုင်ကြည့်သော်မှ ဘ၀င်အသည်း
ရင်ထဲငြိစရာ အလှရှာမရ၊ ခါးကုန်းလှသည့် အကျည်းတန်မ….။
မသိသူခပ်ရှားရှား…
သိသူခပ်များများ… “ခုဇ္ဇုတ္တရာ”
ရင်းနှီးသူတွေကတော့
အားနည်းချက်ကို ရက်စက်ရင့်သီးစွာ မခေါ်ဘဲ ဒေါ်ဥတ္တရာ (ဒေါ်သူငယ်မ) ဟု အသိအမှတ်ပြု
ခေါ်ကြသည်။
သူမသည်
ပဒုမုတ္တရမြတ်စွာဘုရားလက်ထက်တော်အခါကပင် ဧတဒဂ်ဆုကိုပန်ဆင်ကာ နိယတဗျာဒိတ်ရခဲ့ပြီးသူ
ဖြစ်ပါ၏။ ထိုကာလမှစ၍ ကမ္ဘာတစ်သိန်းပတ်လုံး သူဌေးသမီးအဖြစ် လူ့ပြည်မှာ ဘ၀ပေါင်းများစွာ၊
နတ်ပြည်မှာ ဘ၀ပေါင်းများစွာ၊ ကာမသုဂတိဘုံတို့၌သာ အခါခါ ကျင်လည်ခံစားခဲ့ရပါ၏။
ဤဘဒ္ဒကမ္ဘာ
ကဿပမြတ်စွာဘုရားပွင့်တော်မူသည့်အခါမှာ ဗာရာဏသီပြည်တွင် သူဌေးသမီး ဖြစ်ရပြန်သည်။
ထိုသူဌေးသမီးနှင့် ခင်မင်ရင်းနှီးသည့် အာသဝေါကုန်ခန်းပြီးသော ရဟန္တာထေရီတစ်ပါးသည်
နေ့သန့်ကိစ္စများ ပြီးစီး၍ ညနေချမ်းအချိန်ဝယ် သူဌေးသမီး ဖူးမြော်ခွင့်ရစေရန်
ရောက်လာ၏။
သူဌေးသမီးကား
ကြေးမုံပြင်တွင် တန်ဆာဆင်အလှပြင်နေ၏။ အနီးအနားမှာ ခိုင်းစေရမည့်သူ တစ်ဦးတစ်ယောက်မျှမရှိ၊
ထေရီမက မလှမ်းမကမ်းမှာ ထိုင်လိုက်သည်။
“တပည့်တော်
အလှပြင်ဆဲမို့ ၀စီကံ-မနောကံနဲ့ပဲ ရိုသေမြတ်နိုးရှိခိုးပါတယ်။ တပည့်တော်ကို
သနားသဖြင့် လက်ဝတ်လက်စား အဆင်တန်ဆာဘူးလေးကို ယူပေးပါဦး။ ညောင်စောင်းပေါ်က
ခေါင်းအုံးအောက်မှာ ရှိပါတယ်”
ရိုင်းပြကြမ်းတမ်းစွာ
အမိန့်ပေးခိုင်းစေခြင်းလည်းမဟုတ်ပါ။ အလွန်ပင် ယဉ်ကျေးချိုသာစွာဖြင့်
အကူအညီတောင်းသည့်သဘောမျိုးဖြင့် ခိုင်းမိခဲ့ပါ၏။ ထိုအခါ ထေရီမက ကြံဆမြင်တွေး
ရှေ့ရေးကိုကြိုသိ၏။
“ဒီမိန်းကလေးတော့
သူခိုင်းတာကို ယူမပေးရင် ငါ့ကိုစိတ်ဆိုး ရန်ငြိုးဖွဲ့မိပြီး ငရဲရောက်တော့မှာပဲ။
ယူပေးပြန်ရင်လည်း သူတစ်ပါးရဲ့ အခိုင်းအစေ ကျွန်ဘ၀ရောက်ရလိမ့်မယ်။
အပါယ်ကျတာနဲ့စာရင် ကျွန် ဖြစ်ရတာကမှ တော်ချည်သေးရဲ့”
ထိုအတွေးဖြင့်
သူဌးသမီးကို သနားလျက် ထေရီမသည် ခိုင်းစေသောအမှုကို ထ၍ပြုလုပ်ပေးလိုက်၏။
အမှတ်တမဲ့လေး ခိုင်းမိသည်ဆိုသော်လည်း မိမိထက် သီလမြင့်သူ၊ ဂုဏ်မြင့်သူ၊
အသက်ကြီးသူဖြစ်သောကြောင့် သူမသည် ယခုဘ၀ ခုဇ္ဇုတ္တရာ ဖြစ်သည်အထိ ဘ၀ငါးရာတိတိ
သူတစ်ပါး၏အိမ်တွင် အခိုင်းအစေကျွန်မ ဖြစ်ခဲ့ရရှာ၏။
ခါးကုန်းကြီးဖြစ်ရသည်မှာတော့…..
သဗ္ဗညုတဘုရားရှင်
တစ်ဆူနှင့် တစ်ဆူကြား သာသနာပအခါများတွင် ပစ္စေကဗုဒ္ဓါအရှင်မြတ်များ
ပွင့်ထွန်းပေါ်ပေါက်တတ်ပါသည်။ ဂေါတမမြတ်စွာဘုရားပွင့်တော်မမူမီ ဗာရာဏသီပြည်၌
ဗြဟ္မဒတ္တမင်းပြုစဉ် သူမသည် မောင်းမမိဿံတစ်ဦးဖြစ်ခဲ့၏။ နန်းတော်သို့
ဆွမ်းခံကြွတော်မူလာသော ပစ္စေကဗုဒ္ဓါ အရှင်မြတ် ရှစ်ပါးအနက် တစ်ပါးသည်
ခါးအနည်းငယ်ကုန်း၏။ ဤသည်ကိုမြင်သော မောင်းမငယ်သည် ကမ္ဗလာရုံ၍ ရွှေခွက်ကိုကိုင်ကာ ခါးကုန်းသော
ပစ္စေကဗုဒ္ဓါအရှင်မြတ် အသွင်ပမာ လှည့်လည်လျက် အဖော်မတို့အား ကုန်းကုန်းကွကွ
လုပ်ပြဘိ၏။ အရှင်မြတ်နောက်ကွယ်တွင် လှောင်ပြောင်ပျက်ရယ်ပြုကာ ဟားတိုက်မိခဲ့ပါ၏။
ထိုမကောင်းမှုကံ စေတနာကြောင့် ခါးကုန်းမဘ၀သို့ကျရောက် ၀ဋ်လည်ခဲ့ရပေသည်။
မပြောပလောက်သော
အသေးအမွှားဟု ထင်မှားမိကာ အမှတ်တမဲ့ ပြုခဲ့သည့် မကောင်းမှုကံ၏ အကျိုးဝိပါက်သည် ရံခါ
ဘ၀သံသရာတစ်လျှောက် ကျောကော့အောင် ခံကြရတတ်၏။
မြွေပွေးကို ငယ်သည်ဟု အလမ္ပာယ်မပြနှင့်
ဆိုသည့်စကားကဲ့သို့ အကုသိုလ်ကံကိုလည်း ဒါလေးများဟု ယောင်မှားကာပင် မပြုမိဖို့
သင်ခန်းစာ ယူဖွယ်ကောင်းလှပါပေသည်။
No comments:
Post a Comment