Saturday, November 17, 2012
@... ၀ဋ်ကြွေး ...@
အမ္ဗပါလီ
အမ္ဗပါလီ အလွန်လှပခြင်း
            လွန်ခဲ့သော ကိုးဆယ့်နှစ်ကမ္ဘာ အထက်က ဖုဿမြတ်စွာဘုရား လက်ထက်တော်တွင် အမ္ဗပါလီလောင်းလျာသည် ဘုရားရှင်၏ နှမဖြစ်ခဲ့သည်။ ဘုရားရှင်၏ တရားတော်ကို နာယူပြီးနောက် ကြီးစွာသော အလှူဒါနကိုပြုလျက် အဆင်းလှစေရန် ဆုတောင်းခဲ့သည်။
အမ္ဗပါလီ ပြည်တန်ဆာဖြစ်ခြင်း
သုံးဆယ့်တစ်ကမ္ဘာ အထက်၌ ပွင့်ထွန်းတော်မူသော သိခီမြတ်စွာဘုရား လက်ထက်တော်ဝယ် အမ္ဗပါလီလောင်းလျာသည် ဘိက္ခုနီ ဖြစ်ခဲ့၏။
            စေတီတစ်ဆူ၏ ရင်ပြင်တော်တွင် ဘိက္ခုနီများလှည့်လည်ပူဇော်နေကြစဉ် ရဟန္တာထေရီတစ်ပါးသည် ရုတ်တရက် နှာချေမိရာက တံတွေးစက်တို့ ရင်ပြင်တော်ပေါ်သို့ အတော်တဆကျမိသွား၏။
            ထိုတံတွေးစက်ကို အမ္ဗပါလီလောင်းလျာ ဘိက္ခုနီ မြင်တွေ့သောအခါ စိတ်မသက်မသာ ဖြစ်သွားရကာ “ဒီတံတွေးစက်ကို ဘယ်ပြည်တန်ဆာမ ထွေးခဲ့တာလဲ” ဟု မဆင်မခြင် ဆဲဆိုရေရွတ်မိခဲ့သည်။
            ရဟန်းမိန်းမပင် ဖြစ်စေကာမူ ငရဲသို့ ကျရောက်တော့သည်။ ငရဲမှလွတ်သောအခါ ဘ၀ပေါင်းတစ်သောင်းတိတိ ပြည်တန်ဆာမ ဖြစ်ခဲ့ရလေသည်။
                                    *******************
                                                သာမာဝတီ
            ကောသမ္ဗီပြည့်ရှင် ဘုရင်ဥတေန၏ အဂ္ဂမဟေသီမိဘုရားကြီး………..
            သူမအား ချစ်ခင်မြတ်နိုးလှပါသည်ဆိုသော မဟာရာဇာသည် ၀ါသုလဒတ္တ နှင့် မာဂဏ္ဍီ ဆိုသည့် အလှကညာများကိုလည်း မေတ္တာပွားပြီး မိဘုရားအရာ ထားခဲ့ပြန်ပါသေး၏။
            ဤဘ၀ ဤမျှဖြင့်သာ ရန်ငြိုးပြေပါစေတော့ ဟူ၍ မာဂဏ္ဍီကို မေတ္တာပို့လွှတ်ရင်း၊ ကမ္မဋ္ဌာန်းတရားပွားများရင်း နောက်ဆုံးအချိန်ကို ကုန်လွန်စေခဲ့သည်။
            မေတ္တာတရားကြီးမားစွာ သည်းခံခွင့်လွှတ်နိုင်လွန်းသော သူမအား ဗုဒ္ဓမြတ်စွာသည် အသာဆုံး အမြတ်ဆုံး မေတ္တာရှင် (မေတ္တာဝိဟာရီ) ဧတဒဂ်ဘွဲ့ထူးကို သနားချီးမြှင့်တော်မူ၏။
            အကုသိုလ်ကံ ၀ိပါက်ဝဋ်ကြွေးများရှိခဲ့၍ ထပ်တူထပ်မျှပေးဆပ်ခဲ့ရသော သာမာဝတီ………..
            အတိတ်ဘ၀တစ်ခုဝယ် နန်းတွင်းသူဖြစ်ခဲ့သော သူမသည် အပေါင်းအဖ်ာများနှင့် မြစ်ဆိပ်သို့ ရေကစားဆင်းခဲ့၏။ ရေကစားပြီး ပြန်တက်လာသောအခါ ချမ်းအေးသဖြင့် မြက်ချုံတစ်ချုံကို မီးရှို့၍ မီးလှုံကြ၏။ ထိုမြက်ချုံတွင်း၌ ဘုရင်မင်းမြတ် ဆည်းကပ်ကိုးကွယ်နေသည့် ပစ္စေကဗုဒ္ဓါတစ်ပါး နိရောဓသမာပတ် ၀င်စားလျက်သား တွေ့ရသောကြောင့် ရာဇဒဏ်သင့်မည်ကို စိုးရိမ်ထိတ်လန့်ကြောက်ရွံ့ကြကုန်၏။ နန်းတွင်းသူ မိန်းမများလည်း ကြံရာမရဖြစ်ကာ ထင်းတုံးထင်းစများကိုရှာပြီး ပစ္စေကဗုဒ္ဓါအား ပြာကျသွားစေရန် ထပ်မံ မီးရှို့ကြပြန်၏။ နိရောဓသမာပတ် ၀င်စားနေသည့် ပုဂ္ဂိုလ်အား အသက်အန္တရာယ်ပြု၍ မရစကောင်းသော်လည်း ထိုမိန်းမများအား ဒုတိယအကြိမ်မီးရှို့သတ်သည့် အကုသိုလ်ကံကြောင့် ငရဲ၌ အနှစ်တစ်သိန်းခံရပြီး ဘ၀တစ်ရာပတ်လုံး မီးလောင်ကျွမ်းကာ သေဆုံးကြရရှာသည်။
ဝဋ်ကြွေးဟူက ထပ်တူထပ်မျှ
            ပေးဆပ်ရုံမှ လွတ်လမ်းမရှိ
            သံသရာတစ်ကွေ့ ပြန်ကာတွေ့၍
            သည်းခြေခိုက်မျှ ခံစားရမည်
            မလွဲဧကန် အမှန်တည်း……
            ကာယ ၀စီ မနော အလီလီ
            ပြစ်မှား ပြုမိ မရှိစေဘဲ
            ရင်တွင်းမေတ္တာ ကိန်းဝပ်ကာဖြင့်
            အကြောင်းကံတရား ကောင်းဖန်များကာ
            အကျိုးကံတရား ထူးလှစွာဖြင့်
            ငြိမ်းချမ်းအေးမြ ရှိကြပါစေ
မိုးခြိမ့် ရင်မှာ တောင်းဆုချွေ.....
No comments:
Post a Comment