Monday, January 14, 2013

N... ကျွန်တော့်ရဲ့အနာဂတ် ...N



ကျွန်တော်တွေးတဲ့ အတွေးတိုင်းက
ချစ်သူအတွက်ဖြစ်ပေမယ့်
ချစ်သူတွေးတဲ့ အတွေးတိုင်းက
အတိတ်ကိုတမ်းတနေတာ
ဘာလို့များပါလိမ့်

ကျွန်တော်မျှော်လင့်တဲ့ ဆန္ဒတိုင်းက
ချစ်သူအတွက်ဖြစ်ပေမယ့်

ချစ်သူမျှော်လင့်တဲ့ ဆန္ဒတိုင်းက
ရှိခဲ့ဖူးတဲ့သံယောဇဉ်တွေကိုတောင့်တနေတာ
ဘာလို့များပါလိမ့်

ကျွန်တော်တွေ့ချင်တဲ့ ပုံရိပ်တိုင်းက
ချစ်သူ့မျက်နှာဖြစ်ပေမယ့်
ချစ်သူမျှော်လင့်တဲ့ ပုံရိပ်တိုင်းက
အခြားတစ်ယောက်ဖြစ်နေခဲ့တာ
ဘာလို့များပါလိမ့်

ကျွန်တော်ရေးတဲ့ ကဗျာတိုင်းက
ချစ်သူအတွက်ဖြစ်ပေမယ့်
ချစ်သူရေးတဲ့ ကဗျာတိုင်းက
ကျွန်တော့်အတွက်ဖြစ်မလာခဲ့တာ
ဘာလို့များပါလိမ့်

ကောင်းမွန်စွာအိပ်စက်ခြင်းရေ
အလွန်တရာသနားညှာတာစွာဖြင့်
ကျွန်တော့်ဆီကို တစ်ခါလောက်
အလည်လာမပေးနိုင်ခဲ့တာ
ဘာလို့များပါလိမ့်

ကြည်နူးခဲ့ဖူးတဲ့ ခံစားချက်အချို့ကိုတောင်
စိတ်မလုံစွာ ရှက်မိပါတယ်
ဘယ်သူ့အတွက်လဲဟင်လို့မေးတိုင်း
ကျွန်တော့်အတွက်ပါလို့ဖြေခဲ့ဖူးတဲ့
ချစ်သူရယ်

ချောင်မှာပိတ်ပီး အရိုက်ခံရသလို
ကျွန်တော့အတွေးတွေ ဆန္ဒတွေ
မျှော်လင့်ချက်တွေ အိမ်မက်တွေ
နောက်ဆုံး အနာဂတ်တွေ အချစ်တွေထိပေါ့

လွတ်မြောက်ဖို့ လမ်းစမ်းတ၀ါးဝါးနဲ့
သွေးစိမ်းရှင်ရှင်ယိုစီးနေတဲ့ နှလုံးသားက
ငတ်မွတ်တောင်းတနေမိတာ
ချစ်သူဆီက ကျွန်တော့်အတွက်
နှစ်သိမ့်ပေးမယ့် ကဗျာလေးတစ်ပုဒ်ကိုပါ

အတိတ်အိမ်မက်မှာ နစ်မြောနေတဲ့
ကျွန်တော့်ချစ်သူကို လှုပ်မနှိုးရက်လှစွာ
တစိမ့်စိမ့်ထိုင်ငေးရင်း
မရဲတရဲနဲ့ ဆုတောင်းပါရစေတော့
လှပတဲ့လက်တွေ့အနာဂတ်လမ်းကိုလျှောက်လှမ်းရအောင်
ကြည်သာစွာနိုးထပါတော့ချစ်သူရယ်

No comments:

Post a Comment